နေပါစေ ဒီအတိုင်းထားလိုက်
နေပါစေ
ဒီအတိုင်းပဲထားလိုက်
တက်ထိုင်ချင်တဲ့သူထိုင်လိမ့်မယ်
ဟိုရွေ့ဒီရွေ့နဲ့ဘာမှမထူးဘူး
နောက်တော့ဒီလူတွေပဲတက်ထိုင်တာ
ထိုင်ခုံပျက်စီးတာပဲအဖတ်တင်တယ်၊
နေပါစေ
ဒီအတိုင်းထားလိုက်
ဟိုလှည့်ဒီလှည့်မလုပ်ဖို့သာ
အရေးကြီးတယ်
ကြည့်တော့စောင့်ကြည့်ထားအုံး
လူမရှိဘူးဆိုပြီး
ဖြုတ်ရောင်းနေအုံးမယ်
အကျင့်တွေကကောင်းတာမဟုတ်ဘူး
ဒီထိုင်ခုံတောင်သူတို့ပဲပိုင်တယ်ထင်နေတာ
ဘယ်ဟုတ်ပါ့မလဲ
ပြည်သူပိုင်ဗျ ပြည်သူပိုင်
ဘယ်သူထိုင်ထိုင် ထိုင်လို့ရတယ်
သေချာချာထိုင်တက်ဖို့နဲ့
ထိုင်ပြီးအလုပ်လုပ်ဖို့ပါပဲ
ဒီထိုင်ခုံပေါ်ငါထိုင်နေတာဆိုပြီး
ခရီးခဏ ခဏသွားနေတာ
ဟန်မကျသေးဘူးရယ်
ကြာရင်ဆွေးပြီးပျက်စီးလိမ့်မယ်
ဒီထိုင်ခုံရဖို့ဆိုတာမလွယ်ဘူး
သစ်တောတွေလည်းပြောင်ပြီ
တောတောင်လည်းကုန်ပြီ
မြစ်တွေလည်းခမ်းကုန်ပြီ
ရှိသမျှရတနာတွေလည်းမရှိတော့ဘူး
နေပါစေ
ဒီအတိုင်းထားလိုက်
ထိုင်ခုံကိုမက်မောနေရင်
ငရဲမင်းကပေးလိမ့်မယ်။ ။
ဇွဲမာန်(အင်းဝ)
၀၂၁၀၈၀၁၄
No comments:
Post a Comment