.

ဒီဇိုင်း

အနုပညာပန်းခင်း သို့လာရောက်ကြသောမိတ်ဆွေအပေါင်းတို့အားပျော်ရွှင်ကြပါစေ

Friday, November 23, 2012

“ကျေးဇူးပါဖေဖေ”

“ကျေးဇူးပါဖေဖေ”
*****************
ဖေဖေ………..
မေမေ့ရင်တွင်း
သားသက်ဆင်းစဉ်
ဖြစ်စဉ်ခဏ
ဖြစ်ကြရဝယ်
ဆန္ဒတွယ်၍
စိတ်တွင်ချင်ခြင်း
ဖြစ်တုံလျဉ်းသော်
စိတ်မပျော်သည်
ကြီးစွာဒုက္ခ
ရောက်ကြရ ရာ
ထိုအခါသည်
လိုအင်ဆန္ဒ
ဖွင့်ပြောပြဖို့
ခြောက်ခါတလှည့်
ချော့ကာတဖုံ
နည်းမျိုးစုံကို
ဖေဖေသုံးကာ
မေးလေရှာ၏
သြော်………..ဖေဖေ
ဖေဖေ့လက်ရုံး
ဆေးအပ်သုံးကာ
ဖောက်ထွင်းထုတ်ခြောက်
သွေးစဉ်သောက်ဖို့
စိတ်တွင်ချင်ခြင်း
ဖြစ်ရခြင်း ဟု
ထုတ်ဖော်ရင်တွင်း
ဖြစ်တုံလျဉ်းဝယ်
ညိုးငယ်မျက်နှာ
မရှိရှာဘဲ
လိုအင်ဆန္ဒဖြည့်ဆည်းရဖို့
လက်ရုံးကိုဖောက်
သွေးစဉ်ပေါက်ကို
တိုက်ကျွေးခဲ့တာ
ကျေးဇူးပါဖေဖေ……..။

ဖေဖေ…………
နန်းတွင်းပညာရှိ
ဟောကိန်းသိ၍
ကိုယ်ဝန်ဖယ်ရာ
ထိုအခါဝယ်
ငါ့ကိုသာသတ်
ကိုယ်ဝန်မဖျက်နှင့်
သား၏မျက်နှာ
မြင်တွေ့ရာ ဟု
တောင်းပန်လျှိလျှိုး
စောင့်ရှောက်မျိုးသည်
ကျေးဇူးပါဖေဖေ…………..။

ဖေဖေ………….
ဖွားမြောက်၍လာ
ဖြစ်နေရာဝယ်
ဝါဂွမ်းဆီထိ
ဖေ့ ပီတိက
သား၌လွမ်းခြုံ
ရင်တွင်းစုံသည်
ခြုံငုံကာပေး
သားရှေ့ရေးကို
မျှော်တွေးစောင့်ရှောက်
ချီးမွမ်းမြှောက်လို့
အိမ်ရှေ့စံရာ
ဘွဲ့ထူးသာကို
ပေးအပ်ခဲ့တာ
ကျေးဇူးပါဖေဖေ………..။

ဖေဖေ…………..
ငယ်စဉ်ကာလ
သားလက်မ၌
ခူနာပေါက်ထွင်း
ဒုက္ခတွင်းဝယ်
ဆောက်တည်မရ
ပြည်ကိုက်လှ၍
ဖြစ်နေရချိန်
ဖေဖေ့ခံတွင်း
လက်မသွင်း၍
ပုပ်ဆွေးပြည်ပုပ်
ဝမ်းတွင်းစုပ်ကာ
ဝေဒနာကို
ဖယ်ခွာပေးတာ
ကျေးဇူးပါဖေဖေ………..။

သြော်........ဖေဖေရယ်
မေတ္တာအဟုန်
လွှမ်းမကုန်အောင်
ကျေးဇူးကြီးမား
များပြားလှပါတယ်..ဖေဖေ..။
ဖေဖေ….......
ဖေ့ဖေ့ကိုရည်မှန်း
သားရော်ရမ်းကာ
လက်ဆယ်ဖြာဖြင့်
ပူဇော်ကာအတိ
                              ဝန္ဒာမိပါ…ဖေဖေ.........                      
                                   ဝန္ဒာမိပါ…ဖေဖေ……။                             ။
                                
                                              ဇွဲမာန်(အင်းဝ)
(အဇာတသတ်ဝတ္ထုကိုခံစားရေးဖွဲသည်)

No comments:

Post a Comment

ကြည့်ရှု့ရန်

1 2 3 4