

မုဆိုးတွေသေသော်လည်းသားကောင်မသေသေး
……………………………………………………………….
ကြားလိုက်ရတဲ့သတင်းတွေက
ရင်ကွဲလုမတက်
အမျိုးအနွယ်ကိုရင်ဝယ်ထားပြီး
သားကောင်းတွေနင်းခြေသတ်တဲ့သူ
ဘယ်သူများဖြစ်လေမလဲ
“ဝံသ” နဲ့လူ တဲ့ဗျ
မင်းကိုတောင်သူလုပ်လို့
မင်းဖြစ်လာရတယ်
ဘယ်လိုမင်းကသူ့ကိုနိုင်မှာလဲ
သူက “မင်းလူ”လေ
ကြောက်လှပါပြီဗျာလို့အော်ရအောင်
အမှန်တရားကိုလက်ကိုင်ထားပြီး
ချိုးငှက်တစ်ကောင်ကိုတောင်မွေးဖွားလိုက်သေး
မပြောမဆိုဗျာသူကိုယ်တိုင်က
ကျုပ်တို့ဗိုလ်ချုပ်အောင်ဆန်းကိုများ
"အောင်ဆန်း ( သို့မဟုတ် ) အရိုင်း"တဲ့
ပြောလည်းပြောတက်ပါလေစ
ဖွဲ့လည်းဖွဲ့တက်ပါလေစ
ကျုပ်တို့ဘယ်လိုများနေရပါ့မလဲ
သူရေးဖွဲ့ခဲ့တာတွေနဲ့အသက်ရှင်ခဲ့ရတယ်
သူတိုက်ခဲ့တာတွေနဲ့အသက်ဆက်ခဲ့ရတယ်
နာမည်ကိုကဘာတဲ့လဲ
“ဒဂုန်တာရာ”တဲ့
တာရာကိုဒဂုန်ကွန့်တော့ပြီးသွားပြီပေါ့
သူတို့လိုက်ခဲ့တဲ့သားကောင်တွေ
အကောင်ကြီးကြီးလား
အမြီးရှည်ရှည်လား
အဲဒါတွေလည်းဟုတ်တယ်
အဲဒါ တွေလည်းဟုတ်တယ်
အမှန်တရားကိုလက်ကိုင်ကာ
လက်ဆွဲပြီးသားကောင်းကိုမလိုက်ခဲ့တောင်
တူညီခြင်းကအတူတူပဲ
ငြိမ်းချမ်းရေးကွန်ဂရက်ကိုတည်ဆောက်ခဲ့ကြတာ
တစ်ဘဝတစ်ခန်းတော့တာဝန်ကြေပွန်သွားကြပြီ
ကျုပ်တို့မြင်ရမယ့်အနာဂတ်အတွက်ရော
ဘယ်လိုများစခန်းသွားကြမလဲ
မုဆိုးတွေတော့သေကုန်ကြပြီ
သားကောင်တွေကတချို့မသေကြသေးဘူး
အနာဂတ်အတွက်
ဘယ်လိုပြင်ဆင်ထားကြလဲ
ညာတာနေလို့တော့မဖြစ်ဘူးနော်
ရှေ့ဆောင်လမ်းပြလုပ်ဆောင်သွားတဲ့
မုဆိုးတွေကိုညာနေရာရောက်နေလိမ့်မယ်
ယူကျုံးမရထိုနေ့ကို အမှတ်ရရင်
သမိုင်းပေးတာဝန်ကကျုပ်တို့အားလုံးဆီမှာပဲ
မယုံရင်ပြက္ခဒိန်ပြန်ကြည့်လိုက်
သူတို့လုပ်ခဲ့တာတွေ
သွေးကွက်တောင်မခြောက်သေးဘူး
အားလုံး………သတိ…….။ ။
ဇွဲမာန်(အင်းဝ)
မှတ်ချက်=ကျဆုံးသွားလေပြီးသော
နိုင်ငံအကျိုးဆောင်ပုဂ္ဂိုလ်အားလုံးနှင့်အတူ မကြာသေးမီက
ကွယ်လွန်ခဲ့သောဆရာကြီးဒဂုန်တာရာ ဆရာမောင်ဝံသ ဆရာမင်းလူ တို့ကို ဤကဗျာဖြင့်
ဂုဏ်ပြုအပ်သည်။
No comments:
Post a Comment