"အိပ်မရတဲ့ ပင်လယ်"

"အိပ်မရတဲ့ ပင်လယ်"

……………………....

အပြာရောင်ကောင်းကင်အောက်

ငြိမ်သက်သက် သူမဟုတ်သည့်အလား

သွေးရူးသွေးတန်းပြေးလာမည့်ပုံရိပ်တွေ

တစတစနဲ့ငါမြင်နေရသလို..။

ခုတော့သူပျော်နေလိုက်တာ

ကလို့ ခုန်လို့ ရယ်ရယ်မောမောပါပဲ

အိမ်နီးချင်းနားကအဖော်တွေတောင်ခေါ်လိုက်သေး

ကံကြမ္မာငင်တဲ့မျက်နှာသာအောက်

သူ့အပြုံးကစံတင်လောက်ပါရဲ့

ကြည့်နေရသူတွေကြက်သီးမွှေးညင်းထမိတယ်

နောက်ကွယ်ကပုံရိပ်တွေကတခါတခါပေါ်လာလို့လေ

ငါထင်တာကအိမ်ရှင်ကဧည့်သည်ကိုနင်လို့ရမယ်ထင်တာ

ခုတော့ဧည့်သည်ကအိမ်ရှင်ကိုနင်လေပြီ

ဖိတ်ခေါ်မိတာကိုက ငါ့အမှားပဲကိုး

ကျယ်ကျယ်ပြန့်ပြန့်ပင်လယ်ပြင်ထဲမှာ

ပျော်ပျော်ပါးပါးဆော့ကစားရမယ်ထင်လို့ပေါ့

ရောက်စကတော့ပျော်လိုက်ပုံဖြစ်ခြင်း

ကျွေးလိုက်တဲ့ မုန့်တွေဝဝလင်လင်ပါပဲ

စားဖူးတာတွေရော မစားဖူးတာတွေရော

အတူတူစားလိုက်ကြတာပျော်စရာကြီး

တဖြေးတဖြေးနဲ့နောက်လှည့်ကြည့်မိတော့

သေးသေးသွယ်သွယ်တောင်ကတုံးလေးရယ်

ရှင်းလင်းနေတဲ့ဝေဟင်ပြင်ကြီး

သောင်ပြင်ပေါ်မှာရပ်ပြီးအော်နေကြတဲ့ကလေးတွေ

လူးလူးလက်လက်လှုပ်နေကြတဲ့ရွာသားတွေကို

ငါ့မြင်ကွင်း ငါ့အသိတွေ တွေ့မြင်ရတော့မှ

ပင်လယ်ပြင်မှာလှိုင်းလုံးတွေထတော့မယ်ဆိုတာ

ငါ့အသိကနောက်ကျခဲ့ရပြီ..။

တသွင်သွင်စီးဆင်းလာခဲ့တဲ့မြစ်ဧရာဆီလှိုင်းသံတွေက

ငါအိပ်စက်နေတဲ့ ည တွေကိုခြောက်လန့်နေသလို

အစားကြီးသန်လှတဲ့ကိုရွှေဧည့်သည်ကလည်း

မသိသလို သိသလိုနဲ့စားကောင်နေတုန်း

ရပ်ပါတော့ တော်ပါတော့လို့လည်းမပြောရဲဘူး

အတူတူစားထားတဲ့ မုန့်အကြွေးတွေကရှိနေသေး

တော်ကြာကလေးတွေကြားမှာတောင်းနေရင်အရှက်ရရဲ့

စားထားတဲ့မုန့်အကြွေးတွေ တွက်ချုက်ကြည့်မိတော့

အိုး………………………………………

လက်ဖျားတောင်ခါမိပါရဲ့…………..

ဒါပေမယ့်…………….မဖြစ်တော့ဘူး

အိပ်မရတဲ့ "ည" တွေကများနေပြီး

လှိုင်းလုံးတွေထနေတဲ့ ပင်လယ်ကြီးလည်း

"ငြိမ်းချမ်းပါရစေတော့"

အစားကြီးသန်လှတဲ့ကိုရွှေဧည့်သည်လည်း

"ရပ်ပါတော့ တော်ပါတော့"

ငါ့ကိုငါ အထီးကျန်ရင်လည်းကျန်ပါစေ

ငါ ငြိမ်းငြိမ်းချမ်းချမ်းနဲ့အိပ်စက်ချင်လှပါပြီ….။ ။

ဇွဲမာန်(အင်းဝ)

Comments

Popular posts from this blog

အလွမ်းမြို့

လမ်းပေါ်ကလူ