ရန်ကုန် ၇
ကျေးဇူးပါ ရန်ကုန်
အရာအားလုံးအတွက်
ပျော်သလိုနေခွင့်ပေးခဲ့တာ
ကြီးမားတဲ့ဆုလာဘ်တစ်ခုပါပဲ
ပြီးပြည့်စုံခြင်းဆိုတာမရသေးပေမယ့်
အတိုင်းတာတစ်ခုအတွက်ပြည့်စုံခဲ့ပါတယ်၊
ရန်ကုန်
မင်းဟာသမိုင်းဝင်မြို့ဆိုတော့
သမိုင်းဝင်ပုံရိပ်တွေကျန်နေခဲ့ပြီပေါ့
အဲဒီထဲမှာငါတို့ညီအကိုမောင်နှမတွေပါခဲ့ပြီ၊
ရေခြားမြေခြားကာဆီးထားပေမယ့်
မေတ္တာရေစက်ကငါတို့အတူတူဆုံနိုင်ခဲ့ပြီ
အဲဒီအတွက်ငါတို့ဂုဏ်ယူသလို
မင်းဂုဏ်ယူလိုက်စမ်းပါ၊
ရန်ကုန်
နေရတဲ့အခိုက်တန့်ပျော်ရွှင်ရသလို
ကျေနပ်မှုတွေငါရလိုက်တယ်
ဒါပေမယ့်
စိတ်တော့မကောင်းဘူး
မင်းဟာသမိုင်းဝင်မြို့ဖြစ်ပေမယ့်
နီရဲနေတဲ့ကွမ်းသွေးကွက်များ
ပျက်စီးနေတဲ့လမ်းများ
ကျက်နေတဲ့ကားများ
ပျက်နေတဲ့မီးများနဲ့အတူ
သမိုင်းတန်ဘိုးမသိတဲ့လူတစ်စုက
ပစ်ထားခဲ့ကြလေပြီ
အဲဒီအတွက်ငါဝမ်းနည်းမိတယ်ရန်ကုန်၊
ိ
ရန်ကုန်
သမိုင်းဆိုတာမေ့ဖျောက်ပစ်လို့မရလေတော့
တစ်ချိန်ချိန်တော့ပြန်ရှင်သန်လာမှာပါ
ငါမျှော်လင့်မိပါတယ်
ရန်ကုန်
မင်းကိုငါချစ်သလို
ငါ့ကိုလည်းမင်းချစ်ပါ
ငါ့ကိုမင်းချစ်သလို
ငါ့မိသားစုကိုလည်းချစ်ပါ
မင်းပိုင်ဆိုင်ထားတဲ့နေရာရပ်ဝန်းမှာ
ငါ့တို့မိသားစုလေးအဆင်ပြေသေးတယ်
မင်းစောင့်ရှောက်ပေးပါရန်ကုန်၊
ရန်ကုန်
ခံစားချက်တိုင်းဟာစကားမဖြစ်သလို
စကားတိုင်းဟာခံစားချက်မဖြစ်လေတော့
ငါပြောရတာဘောင်မဝင်ဘူး
တစ်ခုပဲငါပြောပါရစေ
ကံမကုန်လို့ပြန်ဆုံခွင့်ရခဲ့ရင်
ငါတို့ညီအကိုမောင်နှမတွေ
ပျော်ရွှင်ရွှင်နဲ့ဆုံချင်ပါသေးတယ်
ခုတော့
တွေ့ဆုံခြင်းကခွဲခွာခြင်းအစဖြစ်လေတော့
ငါအားလုံးကိုနှုတ်ဆက်ခဲ့ပါပြီ
အားလုံးတာ့တာပါ။ ။
ဇွဲမာန်(အင်းဝ)
၀၁၈၀၁၁၀၁၄
ရန်ကုန်ခရီးစဉ်မှာ
အစစအရာရာကူညီခဲ့ကြသောမိတ်ဆွေ
သူငယ်ချင်းညီအကိုမောင်နှမများ
စာပေချစ်သူအဖွဲ့များအားလုံး
ကျေးဇူးအထူးတင်ရှိပါကြောင်း
ဤကဗျာဖြင့်နှုတ်ဆက်ခဲ့ပါတယ်၊
ဇွဲမာန်(အင်းဝ)
အားလုံးပျော်ရွှင်ချမ်းမြေ့ပါစေ။
No comments:
Post a Comment