အကယ်၍ တောင်းဆိုခွင့်လေးများရှိခဲ့ရင်

အကယ်၍
တောင်းဆိုခွင့်လေးများရှိခဲ့ရင်

မေမေ
စူးရှတဲ့မြက်ပင်တွေကြားမှာအိပ်ရလို့
မညိုညင်ခဲ့မိပါဘူး
ခြင်တွေကိုက်လို့
စိတ်မပျက်ခဲ့မိပါဘူး
အကယ်၍
တောင်းဆိုခွင့်လေးများရှိခဲ့ရင်
ဟိုတချိန်က
အိပ်ယာဝင်ချော့သိပ်ခဲ့တဲ့ပုံပြင်လေးကိုပဲ
အေးအေးချမ်းချမ်းပြန်နားထောင်းချင်တယ်မေမေ၊
မေမေ
ဆားမပါတဲ့ဟင်းတွေချည်းစားရလို့
ဂျီးမများမိပါဘူး
မနူးမနပ်ထမင်းတွေစားခဲ့ရလို့
အပြစ်မတင်မိပါဘူး
အကယ်၍
တောင်းဆိုခွင့်လေးများရှိခဲ့ရင်
ဟိုတချိန်က
ဝါးခွံ့ကျွေးခဲ့တဲ့ဆီဆမ်းထမင်းလေးကိုပဲ
စားချင်ပါတယ်မေမေ၊
မေမေ
အနံ့သက်မကောင်းတော့တဲ့
အဝတ်တွေချည်းဝတ်ခဲ့ရလို့
မပူဆာမိပါဘူး
အရောင်အဆင်းမရှိတော့တဲ့
အဝတ်တွေဝတ်နေရလို့
စိတ်မပျက်မိခဲ့ပါဘူး
အကယ်၍
တောင်းဆိုခွင့်လေးများရှိခဲ့ရင်
ဟိုတချိန်က
အဖြူအစိမ်းလေးပဲဝတ်ချင်တယ်မေမေ၊
မေမေ
ကိုယ်တိုင်ကိုယ်ကျဗုံးခိုကျင်းထဲမှာနေခဲ့ရလို့
မမွန်းကျက်မိပါဘူး
တဝုန်းဝုန်းတဒိုင်းဒိုင်းကြားနေရလို့
မကြောက်လန့်မိပါဘူး
အကယ်၍
တောင်းဆိုခွင့်လေးများရှိခဲ့ရင်
ဟိုတချိန်က
ဝယ်ပေးထားတဲ့ဂိမ်းလေးပဲ
အေးအေးဆေးဆေးဆော့ချင်ပါတယ်မေမေ၊
မေမေ
ငြိမ်းချမ်းရေးကိုလည်း
သားမသိဘူး
ငြိမ်းချမ်းရေးနဲ့လည်း
သားမကြုံဖူးသေးဘူး
ငြိမ်းချမ်းရေးကိုလည်း
သားမမြင်ဖူးသေးဘူး
ငြိမ်းချမ်းရေးရပီလို့လည်း
သားမကြားဖူးသေးဘူး
အကယ်၍
တောင်းဆိုခွင့်လေးများရှိခဲ့ရင်
ဟိုတချိန်ကရှင်သန်ခဲ့တဲ့
မေမေရဲ့အနမ်းလေးပဲ
သားရဲ့ပါးပြင်ပေါ်အမြဲရှင်သန်စေချင်တယ်မေမေ။     ။

ဇွဲမာန်(အင်းဝ)
015012014

Comments

Popular posts from this blog

အလွမ်းမြို့

လမ်းပေါ်ကလူ