.

ဒီဇိုင်း

အနုပညာပန်းခင်း သို့လာရောက်ကြသောမိတ်ဆွေအပေါင်းတို့အားပျော်ရွှင်ကြပါစေ

Friday, February 13, 2015

ကိုအောင်ဆန်း(သို့)ဗိုလ်ချုပ်အောင်ဆန်းဘဝပုံရိပ်

ကိုအောင်ဆန်း(သို့)ဗိုလ်ချုပ်အောင်ဆန်းဘဝပုံရိပ်

သမိုင်းကောင်းတစ်ခုရေးထိုးဖို့ဆိုတာ
လွယ်ကူသောအရာမဟုတ်ဘူး
လုပ်ရက်လုပ်ဇာတ်တွေကဖြူနေဖို့လိုအပ်လှတယ်၊
လူမသေဘဲနာမည်သေနေသူတွေရှိသလို
လူသေသော်လည်းနာမည်မသေသူတွေရှိနေတယ်
အဲဒီထဲကမှတ်မှတ်ရရနေ့တစ်ခုကိုဆွဲထုတ်ပြီး
ဂုဏ်ပြုထိုက်သောလူသားတစ်ဦးကို
ကျွန်ုပ်တို့နှလုံးသားတွေနဲ့ဦးညွတ်လိုက်ကြပြီ၊
သူဟာ. . . . . .
မြန်မာပြည်ရဲ့သူရဲကောင်း
မြန်မာပြည်ရဲ့အရှင်သခင်
မြန်မာပြည်ရဲ့စံပြဖခင်တစ်ဦးအဖြစ်တည်ရှိနေခဲ့တယ်
သူ့လုပ်ရက်သူ့လုပ်ဇာတ်တွေဖြူစင်သန့်ရှင်းလေတော့
ကျွန်ုပ်တို့နှလုံးသားတွေကသူ့ကိုဂုဏ်ပြူဖို့တောင်းဆိုနေကြပြီး
နေ့တစ်နေ့ကိုမ္ဗည်းတပ်လိုက်တယ်
အဲဒီနေ့က''ဖေဖော်ဝါရီတစ်ဆယ့်သုံး''တဲ့၊
သူ့ဇာတိသူ့မွေးရက်မြေကနတ်မောက်နဲ့မကွေခရိုင်
ကျေးဇူးရှင်မိဘနှစ်ပါးကရှေ့နေဦးဖာနှင့်ဇနီးဒေါ်စု
သူ့ရဲ့အမည်နာမတွေကိုရွေးထုတ်ကြည့်တော့
ဇာတာရှင် ထိန်လင်း
ကောလိပ်ကျောင်းသား ကိုအောင်ဆန်း
အိုးဝေမဂ္ဂဇင်းစာတည်း ကိုအောင်ဆန်း
ဒို့ဗမာအစည်းအရုံးအဖွဲ့ဝင် သခင်အောင်ဆန်း
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်တေဇ
တရုတ်အမည် တန်လွန်ချောင်
ဂျပန်အမည် အိုမိုတာမွန်ချိ
ဖက်ဆစ်တော်လှန်ရေး ဦးနောင်ချို
မြန်မာပြည်ရဲ့တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း
ဒါတွေကသူ့ဘဝပုံရိပ်တွေကြားကသမိုင်းမော်ကွန်းတွေ
ဘယ်သူတွေဘယ်လိုဖျက်ဖျက်မပျက်နိုင်ခဲ့
ဘယ်သူတွေဘယ်လိုဖျောက်ဖျောက်မပျောက်နိုင်ခဲ့
ဟောကြည့်
ယခု. . . နှစ်၁၀၀တိုင်ခဲ့ပြီ
၁၉၁၅ ခု ဖေဖော်ဝါရီ၁၃ရက်နေ့မှာ
တောက်ပခဲ့တဲ့ကြယ်တစ်လုံးဟာ
ယနေ့အချိန်အထိ လင်းလက်နေဆဲ
ယနေ့အချိန်အထိ တောက်ပနေဆဲ
ယနေ့အချိန်အထိ မြန်မာပြည်ကိုထွန်းလင်းနေဆဲ
ဘယ်ကိုလဲ ဘာကိုလဲ ဘယ်မှာလဲ မေးစရာလိုမယ်မထင်ဘူး
သက်သေတစ်ခုအနေနဲ့ မြန်မာပြည်ကိုထားလိုက်ရင်
အရာအားလုံးဟာ ပြည့်စုံလုံလောက်တယ်
ကြီးကျယ်မြင့်မြတ်မှုဆိုတာ
သူ့ရဲ့ရိုးသားခြင်းဂုဏ်တစ်ခုနဲ့တင် ထိုက်တန်နေပြီ
လိမ်ညာဟန်ဆောင်မှုတွေ စက်ဆုပ်တတ်တဲ့သူဟာ
ရဲရင့်ခြင်းနဲ့ပွင့်လင်းမြင်သာမှုကိုအလိုရှိတယ်
ခေတ်တစ်ခုကိုကျော်လွန်နေတဲ့ မြန်မာပြည်ပညာရေးကို
တိုးတက်ခေတ်မှီလာသောပညာရေးတစ်ခုဖြစ်ဖို့
သူ အမြဲကြိုးစားနေတယ်
သူဟာ ...
''ပညာဆိုသည်မှာ စာအုပ်စာတမ်းဖတ်၍
စာသိမှုကိုပညာဟုမဆို၊
ဘီအေအောင်စေကာမူ၊ ပါရဂူဘွဲ့ကြီးပင်ရစေကာမူ၊
ပထမကျော်ဠကီးပင်ဖြစ်စေကာမူ၊
အသက်အရွယ် မည်မျှပင်ကြီးစေကာမူ၊
ပညာဆိုသော သဘာဝအဓိပ္ပါယ်ကို
ကောင်းစွာသုံးသပ်နားလည်ခြင်းမရှိခဲ့သော်
တကယ့်အရာမရောက်၊ အသုံးမဝင်
ပညာသည် စာအုပ်များထဲ၌သာရှိသည်မဟုတ်
စာအုပ်များကိုကျော်၍မြင်စွမ်းနိုင်ခြင်းကို
ဆောင်နိုင်ရပေမည်'' ဟုပြောခဲ့ပြီး
သမိုင်းဝင်မိန့်ခွန်းတွေကို ထားရှိခဲ့သူတစ်ဦးလည်းဖြစ်သည်
ဒီလိုကြီးကျယ်မြင့်မြတ်သူတစ်ဦးရဲ့ဂုဏ်​​တွေနှိုင်းယှဉ်ဖို့ရာအတွက်
ကျွန်ုပ်ဥာဏ်တွေမပြည့်စုံသေးဘူး
သူ့ရဲ့ဂုဏ် သူရဲ့ဒြပ်တွေက ကြီးကျယ်မြင့်မြတ်နေတယ်
သူဟာ...
ကမ္ဘာမှာမြန်မာကွဟုကျွေးကြော်နိုင်ရန် လုပ်ပေးရုံမက
တန်ဘိုးရှိလှတဲ့ရတနာကို မွေးဖွားပေးနိုင်ခဲ့တယ်
သူဟာ...
ဇနီးသည်ဒေါ်ခင်ကြည်ရဲ့အိမ်ဦးနတ်ဖြစ်ခဲ့သလို
မြန်မာပြည် ပြည်သူတို့ရဲ့အိမ်ဦးနတ်လည်းဖြစ်ခဲ့တယ်
သူဟာ...
အောင်ဆန်းဦး၊ အောင်ဆန်းလင်း၊ အောင်ဆန်းစုကြည်တို့ရဲ့
ဖခင်တစ်ဦးဖြစ်ခဲ့သလို
မြန်မာပြည် ပြည်သူတို့ရဲ့ ဖခင်တစ်ဦးအဖြစ်တည်ရှိခဲ့တယ်
သူဟာ...
မြန်မာပြည် ပြည်သူတို့ရဲ့နှလုံးသားတွေကို သိမ်းယူကာ
မြန်မာပြည်သူ/သားတို့ကို နှုတ်မဆက်ဘဲ
တိတ်ဆိတ်ထွက်ခွါသွားတာ နှစ်တစ်ရာတိုင်ခဲ့ပြီပေါ့
အဲ့ဒီနေ့
နှလုံးသွေးတို့ပွက်ကုန်၍
ယူကြုံးမရဝေဒနာတို့နဲ့ဆောက်တည်ရာမရ
သွန်းဖြိုးခဲ့ရသော မျက်ရည်တွေက မြစ်ဧရာပမာ စီးဆင်းလို့
သူသူငါငါအိပမမပျော်ခဲ့သော ညတစ်ညအဖြစ် မွေးဖွားခဲ့တဲ့နေ့က
၁၉၄၇ နှင့်ဇူလိုင် ၁၉ တဲ့
အချိန်တွေရာသီတွေ ဘယ်လိုပြောင်းပြောင်း
ပစ္စုပ္ပန်တွေအတိတ်ဆီသို့ ဘယ်လိုကူးကူး
မပြောင်းလဲခြင်းများစွာနဲ့
ကျွန်ုပ်တို့နှလုံးသားတွေက
သူဖောက်ခဲ့တဲ့လမ်း
သူချမှတ်ခဲ့တဲ့စည်းကမ်း
သူမိန့်ခြွေခဲ့တဲ့မိန့်ခွန်းတို့ကို လိုက်နာဖော်ဆောင်ကြပြီး
ဂုဏ်ပြုသင့်ဂုဏ်ပြုထိုက်
လေးစားသင့်လေးစားထိုက်တဲ့သူကို
ကျွန်ုပ်တို့တစ်တွေ စုပေါင်းညီညာလက်ချင်းယှက်၍
လေးစားဂုဏ်ပြုလိုက်ပုံက
''အမျိုးသားရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း''တဲ့။

ဇွဲမာန် (အင်းဝ)
၂၀၁၅ ဖေဖော်ဝါရီ ၁၃

No comments:

Post a Comment

ကြည့်ရှု့ရန်

1 2 3 4