.

ဒီဇိုင်း

အနုပညာပန်းခင်း သို့လာရောက်ကြသောမိတ်ဆွေအပေါင်းတို့အားပျော်ရွှင်ကြပါစေ

Friday, November 23, 2012

စက်တင်ဘာလဆုံဆည်းရာအကြိုက်ပို့စ်နှင့် ဆီမီးရောင်ဖြာသီတင်းကျွတ်ချိန်ခါဆောင်းပါးပြိုင်ပွဲ တတိယဆုရှင်ဇွဲမာန်(အင်းဝ)နှင့်အင်တာဗျူးခြင်း

အားလုံးပဲ မင်္ဂလာပါဗျာ။
အပတ်စဉ်သောကြာနေ့တိုင်းတင်ဆက်နေကြဖြစ်တဲ့ ဆုံဆည်းရာ အင်တာဗျူးကဏ္ဍလေးမှ မန်ဘာများအားလုံးပြုံးပျော်စွာဘ၀အတွက် အများအတွက်
ထွန်းပေါက်အောင်မြင်ကျော်ကြားပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နှစ်ဖြာသုခနှင့်ရရှိပြည့်စုံကုန်လုံဥစ္စာ သိပညာများတိုးပွားကြပါစေလို့
ဆုံဆည်းရာမိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
ဒီတစ်ပတ်အတွက် အလှည့်ကျလာ ဗျူစရာအဖြစ် ရောက်ရှိလာလာသူကတော့ စက်တင်ဘာလဆုံဆည်းရာအကြိုက်ပို့စ်နှင့်
ဆီမီးရောင်ဖြာသီတင်းကျွတ်ချိန်ခါဆောင်းပါးပြိုင်ပွဲ တတိယဆုရှင်ဇွဲမာန်(အင်းဝ)ပဲဖြစ်ပါတယ်။ ကဲဇွဲမာန်အင်းဝနဲ့ဘာတွေမေးပြီး ဘယ်လိုဖြေထားတယ်ဆိုတာ
အားလုံးပဲ ဖတ်ရှု့အားပေးကြပါဦး။





မင်္ဂလာပါညီ
မင်္ဂလာပါ အကို

ညီလေးရေးရဲ့နာမည်အရင်းကို သိပါရစေ။
ညီလေးရဲ့ နာမည်အရင်းက ထွန်းထွန်းမော် ပါ အကို

ဇွဲမာန်(အင်းဝ)ဆိုတဲ့ကလောင်နာမည်လေးယူဖြစ်ခဲ့တဲ့အကြောင်းလေးပြောပြပါဦး။
ဇွဲမာန်(အင်းဝ) ဆိုတဲ့ကလောင်နာမည်လေးယူဖြစ်ခဲ့တဲ့အကြောင်းလေးက
အရင်ဆုံးကိုယ့်ကိုယ်စိတ်ဓာတ်မြင့်တင်စေလိုတဲ့အတွက်ယူဖြစ်ခဲ့တာပါ၊ ဇွဲ-ဆိုတာ(ဝီရိယ) ဝီရိယ-ဆိုတာကြိုးစားအားထုတ်မှုလို့အဓိပ္ပါယ်လို့ဖြစ်တယ်လေ၊ ဒါကြောင့် ကိုယ့်ကိုယ်အမြဲကြိုးစားရမယ်ဆိုတဲ့အဓိပ္ပါယ်ပါ၊
နောက် မာန်-ဆိုတာကတော့ မာန လို့ယူပြောကြပေမယ့် ညီကတော့ အဲလိုမယူမိဘူးလေ ညီယူမိခဲ့တာက အားမာန်ဆိုတဲ့အဓိပ္ပါယ်ပါ။
ဇွဲနဲ့မာန်ပေါင်းလိုက်ရင် ကြိုးစားအားထုတ်မှုအားမာန်ဖြစ်စေရမယ်လို့ညီခံယူပြီး ဇွဲမာန် ဆိုတဲ့နာမည်လေးယူခဲ့တာပါ၊
နောက်က အင်းဝ ဆိုတာကတော့ ညီကတံတားဦးမြိုနယ်ကလေ
ညီတို့ တံတားဦးမြို့နယ်သူ/သားတွေအများစုဟာအရင်ကထင်ရှားခဲ့တဲ့
အင်းဝ နေပြည်တော်ကြီးကို
ပြန်လည်စောင့်ရှောက်ကြရင်း ဂုဏ်ပြုတဲ့အနေနဲ့ နောက်ကနေ
အင်းဝ ဆိုပြီး ထည့်ကြတယ်အကို၊
ညီလည်းအဲဒီသဘောအဓိပ္ပါယ်နှင့် ဇွဲမာန်(အင်းဝ) ဆိုတဲ့နာမည်လေးယူခဲ့တာပါအကို..။

ဆုံဆည်းရာဆိုဒ်လေးထဲ ဘယ်လိုရောက်ဖြစ်ခဲ့တာလဲ။
အပြာရောင်ချစ်သူခေါ်လို့ ပါ

ညီလေးအနေနဲ့စာပေလောကကြီးဟာ
လူ့ဘ၀အတွက်ဘယ်လောက်အရေးပါမယ်လို့ထင်လဲ။
စာပေလောကကြီးဟာ လူ့ဘဝအတွက် ဘဝရဲ့တစ်စိတ်တဒေသလို့ ပြောချင်တယ်အကို၊
အတန်းပညာမတက်တဲ့သူတွေတောင် စာဖတ်ရင်ရှေ့တန်းရောက်ကြရတယ်လေ၊
ဒါတွေကသာဓကတွေပေါ့၊ ထင်ပေါ်ကျော်ကြားတဲ့ပညာရှင်အများစုဟာစာဖတ်ခြင်းကြောင့်
ထင်ပေါ်ကျော်ကြားလာခဲ့ရတာလို့မိန့်ဆိုခဲ့ဖူးတာတွေကို ညီ မှတ်သားမိဖူးပါတယ်..။
ဒါကြောင့် ညီ အနေနဲ့
စာပေလောကကြီးဟာ ဘဝရဲ့တစ်စိတ်တဒေသအရေးပါတယ်လို့ထင်ယူမိပါတယ်အကို..။

စက်တင်ဘာလအတွက်ဆုံဆည်းရာ မန်ဘာအကြိုက်ရခဲ့တဲ့ညီလေးရဲ့ `လမ်းပေါ်ကလူ´ ၀တ္ထုလေးဟာ သူငယ်ချင်းတစ်ယောက်ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးလို့သိရပါတယ်။
တကယ်အမှန်ပဲလားသိပါရစေ။
ဇာတ်လမ်းလေးရဲ့ကျောရိုးလေးကတော့အမှန်ပါအကို၊ ဇာတ်အိမ်လေးကတော့
ညီ ဖွဲ့စည်းထားတာပါ၊

ဒီဝတ္ထုလေးနဲ့ပတ်သက်ပြီး ညီအနေနဲ့ရော ဘယ်လိုခံစားပြီးရေးဖွဲ့ဖြစ်သွားလဲ။
ဒီဝတ္ထုလေးဖြစ်ပေါ်လာတဲ့အကြောင်းရင်းက သူငယ်ချင်းတစ်ယောက်ကိုယ့်ရှေ့မှာအင်တာနက်သုံးပြီးပျက်စီးနေတာကို
မြင်မိတော့စိတ်မကောင်းဖြစ်မိတာပါ၊
လူငယ်အများစုဟာ ခုပုံလေးဖြစ်နေတာကို ကိုယ့်ရှေ့မှာမြင်တွေ့နေရတော့ ညီအနေနဲ့ သူတို့အတွက်ရင်လေးမိတယ်လေ။ (အင်တာနက်သုံးတဲ့လူငယ်အားလုံးလို့မဆိုလိုပါ)
တကယ်တော့ ညီ ကစာရေးတတ်သူမဟုတ်ပါဘူး၊ တကယ်ရင်ထဲမှာခံစားမိသွားတဲ့အတွက်ဖြစ်ပေါ်ခဲ့တဲ့အတွက်ရေးမိသွားတာပါ၊
ရေးပြီးချင်း သူငယ်ချင်းကိုပြမိတော့ သူငယ်ချင်းလည်း မျက်ရည်တောင်ကျမိတယ်လေ၊ အဲဒီအချိန်ကစပြီးသတိတရားရလာတယ်လို့လည်းပြောပြတယ်အကို၊
ညီ ရေးရကျိုးနပ်သွားတယ်အကို၊
သူငယ်ချင်းက မဂ္ဂဇင်းမှာပို့ခိုင်းပေမယ့်မပို့ဖြစ်ခဲ့ဘူး အင်တာနက်ပေါ်ပဲတင်ဖြစ်ခဲ့တာပါ..။

ဒါဖြင့် ယနေ့ တက္ကသိုလ်လောကမှာ ဖြစ်ပျက်နေတာနဲ့တစ်ထပ်ထဲကျတယ်လို့ခံယူထားလား။
ညီအနေနဲ့ တက္ကသိုလ်လောကနဲ့ အင်တာနက်အသုံးပြုမှုမှာ အကောင်းဘက်နဲ့အပျက်ဘက်ဘယ်ကိုပိုဦးတည် မယ်လို့ ယူဆမိလဲ။
အရင်ကအများစုတော့ ဖြစ်ပျက်နေတာနဲ့တစ်ထပ်ထဲကျတယ်လို့ခံယူထားပါတယ်၊
အရင်ကအပျက်ဘက်မှာပိုပြီးဦးတည်နေတယ်လို့ယူဆမိပါတယ်၊ အခုတော့ နဲနဲအင်တာနက်ကတွင်ကျယ်လာကြတော့အရင်နဲ့စာရင်အပျက်ကနည်းသွားတယ်လေ၊
အကိုတို့ရဲ့ ဆုံဆည်းရာဆိုဒ်လေး တွေလို ဝက်ဆိုဒ်လေးတွေက
အပြိုင်ဆိုင်ပြိုင်ပွဲလေးတွေနဲ့တဖုံ၊ လေ့လာစရာနည်းပညာတွေနဲ့ကတမျိုးဆွဲဆောင်မှုအားကောင်းလာတော့လူငယ်အများစုက
ချက်တင်နဲ့တင် အချိန်မကုန်တော့ဘူးလေ၊ စာရေးကြ စာဖတ်ကြနဲ့ ပျော်စရာလေးတွေတွေ့မြင်ခဲ့ရပြီလို့
ညီ ယူဆမိပါတယ် အကို။

ညီလေးရော အင်တာနက်ကို ဘယ်အချိန်ကစတင်အသုံးပြုခဲ့ပြီးဘယ်လိုခံယူချက်နဲ့သုံးနေခဲ့တာလဲ။
ညီ အင်တာနက်ဘယ်အချိန်က စတင်သုံးခဲ့တာလဲဆိုတာ
ရက်အတိကျတော့မသိတော့ဘူး၊ခုနှစ်ကတော့ 2010 လောက်ကသုံးခဲ့တာအကို..။

ဘယ်အရာတိုင်းမဆို အဆိုးအကောင်းတွေဒွန်တွဲနေတတ်တော့
အင်တာနက်သုံးခြင်းဟာ ဘ၀ရဲ့တက် လမ်းဖြစ်သလို
ဘ၀အမှောင်ကျရာလည်းဖြစ်စေတယ် ဆိုတော့
ယနေ့အင်တာနက်သုံးနေသူများအတွက် အမှားမတွေ့ရလေအောင်ဘယ်လို နည်းလမ်းလေးများပေးချင်ပါလဲ။
နည်းလမ်းအနေနဲ့ပြောရ ရင်တော့ အင်တာနက်ကို ကိုယ်တန်ဖိုးထားတဲ့အလုပ်တစ်ခုလို့သဘောထားပါ၊
(သို့မဟုတ်)ကိုယ်မြတ်နိုးတဲ့ပစ္စည်းတစ်ခုအဖြစ်တန်ဖိုးထားပါ၊ လူအများစုဟာ ကိုယ်တန်းဖိုးထားတဲ့အရာဆိုရင်လေးစားတယ်၊
ကုန်သင့်တဲ့အရာမှအကုန်ခံတယ်၊မကုန်သင့်တဲ့အရာမကုန်စေဘူးလေ၊
ထို့အတူ အင်တာနက်မှာလည်း
ချက်တင်တစ်ခုတည်းပဲအချိန်မကုန်လင့်စေဘဲ နည်းပညာလေ့လာတာတို့၊
စာပေဖတ်တာ စာပေလက်ဆင့်ကမ်းတာ
မှန်ကန်တဲ့သတင်းဖြန့်ဝေတာစတဲ့ကောင်းမွန်တဲ့အလုပ်တွေ ပညာတွေယူစေချင်တယ်အကို၊ ယုတ်စွအဆုံး ချက်ဘောက်ကိုတောင်
မိတ်ဆွေဖွဲ့တဲ့နေရာ စကားပြောဟန် စကာပြောပုံ ပေါင်းသင်းဆက်ဆံနည်းစတာတွေ နည်းပညာဖလှယ်တာတွေ
စာပေဆွေးနွေးတာတွေစသောကောင်းတဲ့အသွင်ကူးပြီးယူစေချင်တယ်အကို..။

လမ်းပေါ်ကလူ ၀တ္ထုလေးကို မန်ဘာတွေဘာကြောင့် ကြိုက်နှစ်သက်ခဲ့ကြတယ်လို့ ထင်လဲ။
မန်ဘာတွေ ဘာကြောင့်ကြိုက်ခဲ့တယ်ဆိုတာ အကုန်လုံးမသိရပေမယ့်၊
အများစုကတော့ ပညာပေးပိုစ့်လေးဖြစ်တာကြောင့်
ကြိုက်နှစ်သက်တယ်လို့ ညီ ထင်ယူမိပါတယ် အကို..။

စက်တင်ဘာလအတွက် မန်ဘာအကြိုက်ဆုံးဆုရခဲ့တယ်ဆိုတော့ ညီလေးရင်ထဲဘယ်လိုခံစားရလဲ။
တခါမှ မခံစားဖူးတဲ့ပီတိလေးပါ၊ ပြောပြဖို့ဆိုတာလည်းခက်ခဲတဲ့ပီတိလေးပေါ့
ခုလိုရလိမ့်မယ်လို့လည်းမထင်မိဘူး အကို..။

အရင်ကရော အွန်လိုင်းစာပေနဲ့ပတ်သက်လို့ ဘယ်လိုဆုတွေရခဲ့ဖူးလဲညီ။
အွန်လိုင်းစာပေနဲ့ပတ်သက်လို့ ရွှေမြန်မာဥယျာဉ်ဆိုဒ်မှာ ရွှေရည်လူးတဲ့နွေတံခူး
ဝတ္ထုတိုလေးနဲ့ တတိယဆု ရခဲ့ဖူးပါတယ်..။

ညီကဆုံဆည်းရာရဲ့ ဆောင်းပါးပြိုင်ပွဲမှာလည်းဆုရရှိတယ်နော် အဲ့အတွက်လည်းဂုဏ်ယူပါတယ်နော်။

ဟုတ်ကဲ့ အကို

ဆီမီးရောင်ဖြာသီတင်းကျွတ်ချိန်ခါ ဆိုတဲ့ခေါင်းစဉ်အောက်မှာညီရေး သားဖြစ်ခဲ့တဲ့အကြောင်းလေး
ဆုံဆည်းရာမန်ဘာတွေသိအောင်ပြောပြပေးပါအုန်းနော်။

ရေးသားဖြစ်တာကတော့ သီတင်းကျွတ်ချိန်ခါမှာ
မြန်မာဓလေ့ရွာလေးတွေမှာဘုရားပွဲလေးတွေကျင်းပတာကိုကိုယ်တိုင်လည်းတွေမြင်
ရတော့ပေးထားတဲ့ခေါင်းစဉ်လေးကလည်းတိုက်ဆိုင်နေတယ်လေ အဲဒါကြောင့်ရေးဖြစ်တာပါ..။


ဆောင်းပါးလေးထဲမှာ
မြန်မာလူမျိုးတို့ရဲ့ဓလေ့ထုံးတမ်းအစဉ်လာလေးတွေပေါ့...သူ့နေရာသူ့ဒေသအလိုက်
ရေးဖွဲ့ပြီးပြိုင်ပွဲဝင်ကြတာကိုတွေ့ရတယ် ညီရေးထားတဲ့တံတားဦးရွာလေးမှာကောခုချိန်ထိတိုင်ညီရေးထားသလို
သီတင်းကျွတ်ပွဲဆင်နွဲနေကြတုန်းလားဆိုတာ ပြောပြပေးပါအုန်း။

ဟုတ်ကဲ့ အကို၊ ခုချိန်ထိကျင်းပနေတုန်းပါပဲ။ ပျော်စရာလည်းကောင်းတယ်အကို..။


သူ့အရပ်ဒေသနဲ့သူကျင်းပကြတဲ့သီတင်းကျွတ်ပွဲလေးကို
ညီဖြစ်စေချင်တဲ့ဆန္ဒလေးများရှိင်ပြောပြပေးပါအုန်း။

သူ့အရပ်ဒေသနဲ့သူကျင်းပကြတဲ့သီတင်းကျွတ်ပွဲလေးတွေကို
မြန်မာဆန်ဆန်ရှေးမူမပျက်ကျင်းပစေချင်တယ်၊
ဘာသာရေးပွဲလေးတွေကိုဘာသာရေးပွဲလေးပုံစံလေးဖြစ်အောင်မြင်စေချင်ပါတယ်..။


ညီရဲ့ဆောင်းပါးလေးမှာ မိဘဘိုးဘွားရှေးရိုးရာအမွေအနှစ်တို့ကို
ထိမ်းသိမ်းနိုင်ကြပါစေလို့ ဆန္ဒပြု ရေးသားလိုက်ပါတယ်
ဆိုတဲ့ စာကြောင်းလေးကိုတကယ်ပဲနှစ်သက်မိပါတယ်...ခုလူငယ်တွေကသီတင်းကျွတ်ကို
တလွဲတွေးပြီးကျင်းပနေတဲ့အတွက် ညီရဲ့ထင်မြင်ချက်လေးပြောပြပေးပါအုန်းနော်.......။

ခုလူငယ်လေးတွေက ဘာသာရေးပွဲလေးတွေကိုပိုပြီးစည်စည်ကားကားလေးဖြစ်အောင်ဆိုပြီးပျော်ပွဲလေးတွေ
ရောနှောရာကနေပျော်ပွဲဘက်အားသန်သွားတာ
မိဘဘိုးဘွားရှေးရိုးအမွေနှစ်လေးတွေပျောက်သလိုဖြစ်သွားတော့
စိတ်မကောင်းဖြစ်မိတယ်လေ၊ခု လူငယ်တွေက
လမ်းလွဲနေကြတယ်လို့မပြောလိုပေမယ့် ဘာသာရေးပွဲနဲ့
ပျော်ပွဲရွှင်ပွဲနဲ့ရောနေတယ်လို့ထင်မြင်မိပါတယ်..ဒါတွေကိုပြင်ဆင်
သင့်တယ်လို့ညီကတော့မြင်မိပါတယ်အကို...။

ဆုံဆည်းရာဆိုဒ်လေးအပေါ် ဘယ်လိုမြင်မိလဲ။
အကြံပေးချင်တာလေးရှိရင်လည်းပြောခဲ့ပါဦး။
ဆုံဆည်းရာဆိုဒ်လေးက ကောင်းမွန်တဲ့ဆိုဒ်လေးပါ၊ ညီ အကြံပေးချင်တာကတော့ ဆုံဆည်းရာဆိုဒ်လေးကိုအွန်လိုင်းပေါ်မှာမဟုတ်ဘဲ တကယ့်အပြင်စာပေလောကမှာထင်ပေါ်ကျော်ကြားတဲ့အဖွဲစည်းလေးဖြစ်အောင်
ဝိုင်းဝန်းကြိုးစားသင့်တယ်လို့အကြံပေးချင်ပါတယ်၊ စာရေးသားကောင်းတဲ့ တချို့ကလောင်သစ်လေးတွေဟာ
အွန်လိုင်းပေါ်မှာဘဲမြုတ်ကွယ်နေရပြီး အပြင်လောကမှာထုတ်ဖော်ခွင့်မရကြဘူးလေ၊
ခုလိုထုတ်ဖော်ခွင့်မရကြတဲ့ကလောင်သစ်လေးတွေကို ဆုံဆည်းရာဆိုဒ်လေးကတကယ့်စာပေအပြင်လောကမှာ
မြေတောင်မြှောက်ပေးတဲ့ဆိုဒ်လေးလို့ ညီအနေနဲ့မြင်တွေ့ချင်ပါတယ် အကို..။

ညီလေးက အွန်လိုင်းစာပေမှာလည်းပေါက်မြောက်အောင်ရေးဖွဲ့နိုင်သလို ပြင်ပစာပေလောကမှာလည်းကဗျာတွေရေးနေတယ်လို့သိရပါတယ်။ ဘယ်မဂ္ဂဇင်းဂျာနယ်တွေမှာရေးပြီး ဘယ်လောက်ထိ ပေါက်မြောက် နေပြီလဲ။
ညီက ပြောသလောက်ထိတော့မပေါက်မြောက်သေးပါဘူး၊
ညီက အွန်လိုင်းမှာဘဲရေးဖြစ်တာလေ၊ဖက်ရှင်မဂ္ဂဇင်း၊ ဒီလှိုင်းဂျာနယ်၊တွေမှာကဗျာလေးတွေပါဖော်ပြခံရဘူးပါတယ်၊
နောက် 2011 မန္တလေးအဖေနေ့ဝတ္ထုတိုပြိုင်ပွဲမှာ နှစ်သိပ့်ဆု ရဖူးပါတယ်..။

ပြင်ပစာပေမှာလဲ ဇွဲမာန်(အင်းဝ)ကလောင်ကိုပဲအသုံးပြုတာလား။
ဟုတ် အကို ဒီကလောင်နာမည်ပဲ အသုံးပြုတာပါ..။

စာရေးဆရာ ဆိုတဲ့ ၀ိသေသကို ဘယ်လိုခံယူထားလဲ။ အွန်လိုင်းမှာ
စာရေးနေသူတိုင်းကို စာရေးဆရာလို့ ခေါ်နိုင်မလား။

ညီကဉာဏ်ရည်မပြည့်ဝသေးတော့ စာရေးဆရာဆိုတဲ့ ဝိသေသကို
အဓိပ္ပါယ်မဖွင့်ဆိုရဲသေးဘူး၊ဒါပေမယ့် စာရေးဆရာ ဆိုတာထက်
ခံစားချက်တွေကိုဝေငှပေးနေသူလို့ခံယူထားတယ်လေ။
ညီ ရဲ့ အယူကတော့ စာပေကိုမြတ်နိုးပြီးစေတနာအရင်းခံပါတဲ့စာကြောင်းလေးတစ်ကြောင်း
ရေးနေသူကိုတောင်စာရေးဆရာလို့ခံယူထားပါတယ် အကို..။

အွန်လိုင်းစာပေမှာရော ပြင်ပစာပေမှာပါရှေ့ဆက်ဘယ်လို အကျိုးပြုအောင်လုပ်ဆောင်သွားဖို့ရည်ရွယ် ထားလဲ။
ကိုယ်ရေးလိုက်တဲ့စာဟာ စာဖတ်သူအတွက်အကျိုးရှိစေချင်တဲ့စာပေဖြစ်အောင်ကြိုးစားပါတယ်..။

အွန်လိုင်းစာပေနဲ့ ပြင်ပစာပေရဲ့ကွာဟချက်လေးကို အားလုံးမှတ်သားဖို့ပြောပေးပါဦး။
အွန်လိုင်းစာပေဟာ ဘုန်းကြီးကျောင်းက ဟင်းလင်းပေါင်းအိုး(ဟင်းတွေရောပြီးပေါင်းထားတဲ့အိုး)နှင့်တူပါတယ်၊
အပြင်ပစာပေက အသားတွေချည်းချက်ထားတဲ့ဟင်းအိုးနှင့်တူပါတယ်၊
ဘုန်းကြီးကျောင်းက ဟင်လင်းပေါင်းက အရိုးရော အသားရော၊
ဟင်းပေါင်းစုံရောထားတယ်လေ။ ထို့အတူ အွန်လိုင်းစာပေက ကောင်းတာရော/မကောင်းတာရောအားလုံးရောပြီးတင်ကြတယ်လေ၊
ကိုယ်နှစ်သက်ရာစားတက်ဖို့ပဲလိုအပ်တာပါ၊စာပေလွတ်လပ်တယ်။
အပြင်ပစာပေက အွန်လိုင်းနဲ့မတူဘူး စာပေစီစစ်မှုအားကြီးတယ်
သေချာစီစစ်ပြီးမှထုတ်ကြ ရေးကြတယ်၊
အများစုကကောင်းတာတွေချည်းပဲဖြစ်လို့ရွေးစရာမလိုဘူးလေ။

စာတစ်ပုဒ်ရေးတော့မယ်ဆိုရင် ဘယ်လ မု(ဒ်)သွင်းရေးတာလဲ။
တိတ်ဆိတ်တဲ့နေရာမှာ အတွေးလေးတွေကိုအပြင်ရောက်အောင်ပုံဖော်ပြီးရေးတာပါ..။

ညီရေးတဲ့ မီးစာကုန်တဲ့ည ကဗျာလေးကလည်းလူကြိုက်များတယ်နော်။
ဘာကို ခံစားပြီးရေးဖြစ် သွား တာလဲ။
မီးစာကုန်တဲ့ည ကဗျာလေးက 14.9.2010နေ့မှာ ညီ ရဲ့ အကိုအရင်းတစ်ယောက်ဆုံးသွားတယ်လေ၊
ညီနေတဲ့နေရာနဲ့ အကိုနေတဲ့နေရာကဝေးတော့ အကိုရဲ့အသက်တောင်မမှီလိုက်ရှာဘူး၊ အဲဒီမှာဖြစ်ပေါ်လာတဲ့ပူလောင်မှုတွေကရတဲ့ခံစားမှုတွေကိုအရင်းခံပြီးရေးထားတာပါအကို၊
နောက်သေဆုံးသွားတဲ့အကိုအတွက် ဂုဏ်ပြုပြီးရေးတာပါ အကို..။

ညီလေးဆုံဆည်းရာမှာ မန်ဘာအကြိုက်ရနေတဲ့အချိန်မှာပဲ ရွာမှာရှိတဲ့ညီလေးရဲ့
အစ်ကိုရင်းတစ် ယောက် ဆုံးပါးသွားတယ်သိရပါတယ်။
ပျော်ရွှင်မှုနဲ့ ၀မ်းနည်းမှု တစ်ပြိုင်ထဲ ကြုံလိုက်ရတဲ့အချိန်မှာ ဖြစ်ပေါ်လာခဲ့တဲ့ ရင် ထဲကဆို့နစ်ခံစားမှုလေးကို သိပါရစေ။
ဖြစ်ပေါ်လာတဲ့ခံစားမှုကတော့ ငိုရမလို ရယ်ရမလိုနဲ့ ပျော်လာလိုက်
ပူလောင်လိုက်နဲ့ အပြိုင်ဆိုင်ပါပဲအကို..၊နှစ်ခုစလုံးက ညီ အတွက် တခါမှမကြုံဖူးသေးတဲ့အတွေ့ကြုံသစ်တွေဆိုတော့
ဘယ်အရာကိုခံစားရမှန်းတောင်မသိတော့ဘူးအကို..။

စက်တင်ဘာလမန်ဘာအကြိုက်ဝတ္ထုရှင်တစ်ယောက်အနေနဲ့ စာရေးခါစ မန်ဘာတွေကိုလမ်းညွှန်မှုလေး ပေးခဲ့ပါဦး။
လမ်းညွန်ရမယ်ဆိုရင်တော့ တကယ့်အဖြစ်ပျက်လေးတွေကိုခံစားပြီးကြိုက်နှစ်သက်တဲ့ဇာတ်ကောင်တွေဖွဲ့ပါ၊ ပြီးရင်ကိုယ်ရေးမည့်ပို့စ်ကဘယ်လိုလေးထားချင်လဲဆိုတာအရင်စဉ်းစားပြီး
ဇာတ်ကောင်နဲ့ကိုက်မကိုက်ချိန်ညှိပြီးရေးပါလို့လမ်းညွန်ချင်ပါတယ်..။

ဆုံဆည်းရာမိသားစုလေးကို ညီလေးရဲ့ဘ၀အကြောင်းလေးရင်ဖွင့်ချင်တာများရှိခဲ့ရင်။ပေါက်ကွဲခဲ့ပါဦး။
ဟုတ် အကို။ ပေါက်ကွဲစရာတွေကတော့အများသားအကို၊ ဒါပေမယ့်မကွဲတော့ပါဘူး တခြားသူတွေမုန်းကုန်လိမ့်မယ်…။

ညီလေးရဲ့အင်တာဗျူးလေးကိုဖတ်သူတွေအသက်ရှည်စေဖို့
ရယ်မောစရာလေးတစ်ခုလောက် ပြောပြပါလား။
အင်း အဲဒါမှ ခက်ရော..
ဟာသကမပြောတက်တော့ဘာပြောရမှန်းတောင်မသိတော့ဘူးအကိုရေ..

ဆိုဒ်ထဲမှာ ``ဆုံ´´ လာတဲ့သူတွေကို ``စည်း´´စည်းပြီး အ ``ရာ´´ ရာဗိုလ်ကျချင်တဲ့သူ
တစ်ယောက်ယောက်များ
ဆုံဆည်းရာမှာ ရှိလား ။ကိုတော့ ဟို အ. ပ. က ထင်တာပဲဟိ။
ဟဲ…ဟဲ ညီ့ကိုလား ရှိတာပေါ့…ဒါပေမယ့် မပြောရဲဘူး ကြောက် ကြောက်..။

ရယ်စရာအဖြစ်ပြောတာနော် ပြေးပေါက်မှားအောင်တော့မလုပ်နဲ့ဟဲဟဲ။
မလုပ်ပါဘူး အကိုရ၊ ညီလည်း ပြေးပေါက်မှားမှာကြောက်တယ်လေ..။
ဆုံဆည်းရာ ဆိုတဲ့ နာမည်လေးကို မြင်မိသလောက်အဓိပ္ပါယ်ဖွင့်ဆိုပြပါလား။

နိုင်ငံတကာမှာရှိကြတဲ့စာပေလောက မိတ်ဆွေရောင်းရင်းအပေါင်းတို့ကိုဆုံဆည်းစေတဲ့နေရာလို့မြင်ပါတယ်..။

``လမ်း´´ မှာ ``ပေါ်´´ ပေါ်တင်တင်ဝတ်ထားတဲ့ ``က´´လေးမလေးတွေကို ``လူ´´လိုမကြည့်ပဲ အဲ မှားလို့
``လမ်းပေါ်ကလူ´´ ၀တ္ထုလေးလို နောက် လည်းထွန်းပေါက်မဲ့ ၀တ္ထု ၊
ဆောင်းပါး ၊ကဗျာလေးများ
ဆက်လက်ရေးသားဖို့ရည်ရွယ်ချက်ရှိလား။ကိုတော့ အဲလို လက်ရာကောင်းလေးတွေ များများရေးနိုင်ပါစေ ဆုတောင်းပေးမိပါတယ်။

ဟုတ်ကဲ့ အကို။ ရှိပါတယ်။ အကိုပေးတဲ့ဆုနှင့်ပြည့်စုံရလိုပါ၏..။

ညီလေးရဲ့ ကိုပိုင် ၀က်ဆိုက် ဘလော့လေးများရှိရင် ပြောပြပေးပါဦး။

ဟုတ်အကို..။ညီရဲ့ဘလော့လေးက http://zwemuninwa.blogspot.com/ ပါအကို

ခုလို ပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့အတွက် ညီလေးကိုကျေးဇူးတင်ပါတယ်။
နောက်နှစ်ရက်လောက်နေရဲ လာဖမ်း လိမ့်မယ်ဟိဟိ။

ညီ လည်းမေးခွန်းတွေမေးပေးတဲ့ အကိုယ့်ကိုကျေးဇူးတင်ပါတယ်၊
ဆုံဆည်းရာမိသားစုလေးကိုလည်းကျေးဇူးတင်ပါတယ်..
ထွက်ပြေးမှာအကို နေရာမပြောနဲ့နော်…။

ညီလေးအောင်မြင်တဲ့ဘ၀မှာ ရည်ရွယ်တဲ့ပန်းတိုင်ကိုရရှိပြီး ပျော်ရွှင်တဲ့နေ့ရက်များမှာ
အမြဲလျှောက်လှမ်းနိုင်ပါစေလို့ဆုံဆည်းရာမိသားစု ကိုယ်စားကိုက
ဆုတောင်းပေးလိုက်ပါတယ်။ ပျော်ရွှင်ပါစေညီလေး။

ဟုတ်အကို..၊ အကိုပေးတဲ့ဆုနှင့်ပြည့်စုံရလိုပါ၏..၊
ညီလည်း ဆုံဆည်းရာဆိုဒ်လေးဒီထက်မကအောင်မြင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်၊
ဒီနေရာကနေ ညီကို အားပေးကြသောမန်ဘာများနှင့် ဆုံဆည်းရာမိသားစုလေးကို
အထူးပဲကျေးဇူးတင်ပါတယ်လို့ပြောကြားလိုက်ပါတယ်အကို..။
အားလုံးပျော်ရွှင်ကြပါစေ…။

ဆုံဆည်းရာဆိုဒ်မှ=အကိုပီတိ(ပေကြီး) မေးသည်။
ဒီနေရာမှာလည်းသွား၍ဖတ်ရှု့နိုင်ပါသည်.

http://soneseeyar.ning.com/group/interview-group/forum/topics/6523429:Topic:84414?xg_source=activity

No comments:

Post a Comment

ကြည့်ရှု့ရန်

1 2 3 4