Posts

ဘဝ ၂၈။

Image
ဘဝ ၂၈။ အလောင်းစားလုပ်တဲ့အထဲမှာ ဘဝတွေပါသွားလေရဲ့ နေပူပူကြဲကြဲမှာ ရေတစ်ခွက်သောက်မိဖို့ ဘဝတွေခရီးထွက်နေရ ဘဝခရီးသည်အချင်းချင်း နေရာလုကြ မာနတရားတွေထောင်လွှားကြ မလိုမုန်းထားစိတ်ဓာတ်တွေမွေးမြူကြ ကန်ချလိုက်ရမလား ရိုက်ထုတ်လိုက်ရမလား ငယ်ညင်းငယ်နိုင်အကျင့်ဆိုးတွေ ခါးပိုက်ထဲထည့်သိမ်းထားလို့ ဘဝတွေခါးသီးခဲ့ရပြီ အကျင့်ဆိုး အကျင့်ညစ်တွေက မင်းဆိုး မင်းညစ်တွေနဲ့ရောထွေးလို့ သူမတူအောင်ဘဝတွေခါးသီနေကြရ ဟူးးးးးးး မောလိုက်တာမေမေ။ ။ ဇွဲမာန်(အင်းဝ) ၀၂၃၀၆၀၁၄

ဘဝ ၂၇။

Image
ဘဝ ၂၇။ တာထွက်တာနောက်ကျခဲ့ပေမယ့် ပန်းတိုင်ကမရွေ့သွားခဲ့ဘူး။ ငိုနေရမည့်အချိန်လည်းမဟုတ်သလို စိတ်ဓာတ်ကျနေရမည့်အချိန်လည်းမဟုတ်တော့ဘူး။ ဘဝဆိုတာဒီလိုပါပဲ လိုအပ်တိုင်းလည်းမရနိုင်သလို မလိုအပ်တိုင်းလည်းတားဆီးပိုင်ခွင့်မရှိဘူး။ ရွေးချယ်လိုက်တဲ့လမ်းကြောင်းကို ဖြောင့်တမ်းအောင်လုပ်ဖို့က ဘဝကပေးအပ်တဲ့တာဝန်တစ်ခုပါပဲ။ နေဝင်ချိန်ကိုကျော်ဖြတ်ခဲ့ပြီးပြီပဲ ရောင်နီဦးအာရုဏ်မြင်ရတော့မှာပါ ကြိုးစားလိုက်စမ်းပါ ပါးပြင်ပေါ်ကျနေတဲ့မျက်စက်တွေကို အောင်မြင်မှုနဲ့အလှဲထိုးပစ်လိုက်ပါ အလိုလိုနေရင်း ခံစားချက်တွေပြောင်းလဲလာလိမ့်မယ်။ ဇွဲမာန်(အင်းဝ) ၀၁၅၀၆၀၁၄

ဘဝ ၂၆။

Image
ဘဝ ၂၆။ မတူကွဲပြားဘဝတွေကြားမှာ ငယ်ငယ်ကအတိတ်ပုံရိပ်တွေ ဟိုဟိုဒီဒီပြေးလွှားနေခဲ့။ ထွန်းမော်ရေ ကျော်မောင်ရေ ပြေးခဲ့ဟေ့ မိတာနဲ့မိအေးရော ဘယ်မှာလဲ ဒိုးပစ်ကြမယ် ပြေးခုန်တမ်းကစားမလား ဟဲ့ထွန်းမော် နင်ကငါ့ဘက်ကပါရမယ်။ တစ်နှစ် နှစ်နှစ် လေးငါးနှစ် အရွယ်တွေကစကားပြောလာကြ လွယ်အိပ်ကိုယ်စီလွယ်ကြ မေ့မရအတိတ်တွေကလွမ်းဧကရီ ထွန်းမော်လည်းဟိုအဝေးဆီ ကျော်မောင်လည်းလယ်တောဆင်းလို့ မိအေးကကလေးရှေ့မှာမြေဖြူကိုင် မိတာ ခမျာအကြော်ဗန်းလေးရွက်ပြီး ဘဝအတွက်သင်ခန်းစာတွေကျက်နေလေရဲ့ မတူကွဲပြားဘဝတွေ မတူကွဲပြားစိတ်ဓာတ်တွေ လိုရာအရောင်ချယ်လာကြ ဘယ်မှာလဲ ဘယ်ဆီမှာလဲ ဖြူစင်ရိုးသားတဲ့ဘဝတွေ သီအိုရီပြတိုက်ဒေါင့်နားလေးမှာ တိတ်ဆိတ်ငြိမ်သက်လို့။ ။ ဇွဲမာန်(အင်းဝ) ၀၁၃၀၆၀၁၄

ဘဝ ၂၅။

Image
ဘဝ ၂၅။ လေဖမ်းဒန်းစီးတဲ့အထဲမှာ အိပ်မက်လွန်ဝိုင်အချို့နစ်မြုတ်သွားတယ်။ အပူလုံးမကြွဘဲအအေးဓာတ်တွေခံယူခဲ့တာ ဘဝတွေခါးသွားရပြီ နေပူပူ နွေပူပူ ချွေးသံရဲရဲထက် ဘဝအပိုင်းအစများကူးဆက်နေကြ။ ရှင်သန်ဖို့ဘဝစာမျက်နှာတွေ တူတူညီညီလမ်းမကြီးပေါ်ပြုတ်ကျကုန်ပြီ ဟူးးးးးးးးး ပူလိုက်တာ သောကခြေရာများ ဖေဖေရေ မေမေရေ ပြန်ခဲ့ပါတော့ အိမ်မှာမောင်လေးနဲ့ညီမလေး နေရာလုနေကြပြီ။ ။ ဇွဲမာန်(အင်းဝ) ၀၆၀၆၀၁၄

ဘဝ ၂၄။

Image
ဘဝ ၂၄။ ဘဝရဲ့အစိတ်ပိုင်းတွေကို လှန်လျှောကြည့်မိတဲ့အခါ မွေးဖွားခြင်းကိုတွေ့မိတယ်။ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ဖို့ ဇာတ်အိမ်တစ်ခုမွေးဖွားလိုက်တဲ့အခါ ရှင်သန်ခြင်းကိုတွေ့မိတယ်။ နိဒါန်းစာကိုယ်နိဂုံးတွေရဲ့နိယာမ မွေးဖွားခြင်းရှင်သန်ခြင်းသေဆုံးခြင်း နိယာမသဘောတရားတွေတွေ့ခဲ့တယ်။ ရှင်သန်ခြင်းအောက်က မဝံ့မရဲမျက်နှာထားတွေနဲ့ ဘဝတွေကိုပေးဆပ်လို့ ချွေး သွေး ဖြိုင်ဖြိုင်ကျခဲ့ရရှာလေပြီ။ နေပူပူမိုးရွာရွာလေတိုက်တိုက် လောကဓံစီးချက်တွေအောက် ဘဝတွေစတေးလိုက်ရ ရှင်သန်ခြင်းအဓိပ္ပါယ်တွေ အလွဲအမှားမဖြစ်သေးခင် ချွေးသွေးတွေနဲ့ဘဝအပင်ငယ်များကိုစိုက်ပျိုးလို့ အရိပ်ကောင်းအပင်အိုကြီးဘဝအဖြစ်နဲ့ မွေးဖွားခြင်းနိယာမတွေပို့ချပေးရင်း ဘဝကိုတိတ်တိတ်လေးထွက်ခွာသွားသူက အဖေတဲ့။ ။ ဇွဲမာန်(အင်းဝ)

ဘဝ ၂၃။

Image
ဘဝ ၂၃။ ဘဝနှင့်ခံစားချက်ထက်တူမကျတဲ့နောက် ဘာကိုရွေးချယ်လိုက်ရမလဲ ဘဝလား ခံစားချက်လား သေချာတာတစ်ခုက ငိုနေရပြီ ။ အတိတ်ဖြစ်ရက်ပုံရိပ်တွေကို လှော်တက်ထိပ်မှာမွေးမြူရင်း မုန်တိုင်းမလာခင် ဘဝသစ်ကိုရွေးချယ်လိုက်ကြတာပေါ့။ ခရီးအစနဲ့အဆုံးမှာ ရှင်ခြင်းနဲ့သေခြင်းက ခေါင်းခြင်းဆိုင်ကွပ်ကဲလို့ မြူမှုန်ဆိုင်းနေတဲ့ဘဝတွေရိုက်ချိုးခံလိုက်ရရှာပေါ့။ အဖေကြီးရေ အမေကြီးရေ အကိုကြီးရေ အမကြီးရေ ညီလေးရေ ညီမလေးရေ လသာသာ လမသာသာ ဗိုင်းငင်လိုက်ကြရအောင် အနာဂတ်မှာတောက်ပဖို့အတွက် အနာဂတ်မှာအေးချမ်းဖို့အတွက် အနာဂတ်မှာငြိမ်းချမ်းဖို့အတွက် ဘဝတွေအဖြူအစိမ်းလိုအပ်နေပါပြီ။ ။ ဇွဲမာန်(အင်းဝ) ၀၃၀၆၀၁၄

ဘဝ ၂၂။

Image
ဘဝ ၂၂။ အိပ်မောကျသွားတဲ့နေ့တွေမှာ ဘဝတွေကိုရိုက်ချိုးခံခဲ့ရ။ အပျံသင်ခါစချိုးငှက်တွေကို လည်လိမ်ချိုးနေမှတော့ ဒီခရီးကိုဘယ်သူတွေကဦးဆောင်ပေးမှာလဲ ကဗျာဆရာတွေကလား စာပေဆရာတွေကလား နိုင်ငံရေးဆရာတွေတော့မပြောလိုဘူး။ သူသိရှင်သိငှက်တွေကိုတော့ မသိမသာအချိုသက် လှောင်အိမ်ဘုံစခန်းမှာအနားယူခိုင်းနေသတဲ့။ ငဘတို့အုပ်စုလည်းလယ်ထဲမဆင်းတော့နဲ့ နင်းပြားတိုအုပ်စုလည်းဝမ်းစာမရှာတော့နဲ့ သေနတ်တွေမိုးပေါ်ထောင်ဖောက်လို့ မှန်ကုန်ပြီးသေနေလိမ့်မယ်။ ငဘလည်းသေနတ်ကိုင် နင်းပြားလည်းသေနတ်ကိုင် တစ် နှစ် သုံးလို့တိုင်သံကြားရင် ပစ်သာပစ် တည်ချိုးငှက်တွေသေနေတာတွေ့ရလိမ့်မယ် ဝမ်းမနည်းကြနဲ့ဟေ့ ဒါတွေကငြိမ်းချမ်းခြင်းချိုးငှက်အစစ်တွေမဟုတ်ဘူး အသွင်တူယူထားတဲ့အတုယောင်တွေ။ တိုက်ပွဲကားပြီးဆုံးပြီ ငဘလည်းငဘ နင်းပြားနင်းပြား ပုံပြင်တွေမပြောင်လဲသေးဘူး မေမေ သမီးအိပ်ချင်ပြီ။ ။ ဇွဲမာန်(အင်းဝ) ၀၂၀၆၀၁၄